ဘုံဘ၀မှာဖြင့် အပိုင်း ( ၆ ) ဇာတ်သိမ်းပိုင်
ဘုံဘ၀မှာဖြင့် အပိုင်း ( ၆ ) ဇာတ်သိမ်းပိုင်း
အောင်မြတ်သာတစ်ယောက် အံ့အားသင့်သွား တယ်..
အရှင်အဇ္ဇဂေါဏဆိုတာ သူသိတာပေါ့ ပုဂံခေတ်က မုဆိုးမတောင် ဘုရားတည်နိုင်အောင် မစခဲ့တဲ့ ထွက်ရပ်ပေါက် ဆရာတော်ကြီးပဲ...
ဒါဆို ဒါဆို... ကျွန်တော်အခု ရောက်နေတဲ့ နေရာက...
စကားတွေပါ ထစ်ထစ်ငေါ့ငေါ့ဖြစ်ကုန်တယ်... အဲဒီအချိန်.. အေးဟုတ်တယ်.. မင်းထင်တဲ့နေရာပဲ ဒီနေရာက ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ စုဝေးရာ မဟာမြိုင်တောကြီးပဲ... မင်းရဲ့ပါရမီနဲ့ ကျင့်ကြံ စွမ်းအားက ဒီကို ရောက်နိုင်ခဲ့တယ်... ဒါပေမယ့် ခုက အပြီးတိုင်မဟုတ်သေးဘူး.. မင်းမှာ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်... ခုတော့ ခဏအလည်လာတယ်လို့ပဲ... သဘောထားလိုက် ဒါပေမယ့် မင်းရဲ့ကျင့်ကြံစွမ်းအားတွေက မကြာမီ ကာလအတွင်း မင်းကို ဒီနေရာ ရောက်အောင် ပို့ဆောင်ပေးလိမ့်မယ်....
ခုတော့ ရောက်တုန်းရောက်ခိုက်.. မင်းကို ဒီက ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးရတာပေါ့...ဆိုပြီး အရှေ့က ဖြေးဖြေးချင်း လမ်းလျောက်သွားတယ်.. ကျုပ်လဲ အနောက်ကနေ ပြေးလိုက်သွား မိတယ်.. တောရဲ့တစ်နေရာရောက်တော့ .. သစ်ပင်တစ်ပင် အောက်မှာ.. တင်ပလ္လင်ခွေကြီးထိုင်ပြီး ဆေးပြင်းလိပ်ခဲနေတဲ့ ဆံပင်ရှည်ရှည်.. အဘတစ်ယောက်ကို တွေ့လိုက်ရတယ်....
အဲဒီအဘက ကျုပ်ကိုတွေ့တာနဲ့ ထလာပြီး ဗြုန်းဗြုန်းဆိုပြီး နားထင်ကို ၂ချက် ရိုက်ချလိုက်တယ်.... ကျုပ်လဲ နားတွေထူပူပြီ်းဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး...
ဘေးမှာ ရပ်နေတဲ့ အရှင်အဉ္ဇဂေါနက ကျုပ်ကို ကြည့်ပြီးပြုံးနေတယ်....
အဲဒီအချိန် ဆံပင်ရှည်ရှည်နဲ့ အဘက ဟေ့ကောင် မင်းဒီကို လာမယ့်အချိန်မဟုတ်သေးဘူး.. အချိန်မကျသေးဘူးကွ.. မင်းအတွက် အချိန်ကျတဲ့ နေ့ ငါတို့လာခေါ်မယ်... သွား..ခုချက်ချင်းပြန် တော့....ဆိုပြီး အတင်းကို မောင်းထုတ်တာပဲ...
ကျုပ်လဲ မရဲတရဲနဲ့ အဘ နာမည် ဘယ်လိုခေါ်လဲ လို့မေးလိုက်တယ်....
အဲလိုမေးလိုက်တယ်ဆိုရင်ပဲ... ဆေးပြင်းလိပ်ကြီး ကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး.... ဟေ့ကောင် ငါ့နာမည် ဘိုးမင်းခေါင်ကွ... မသေမချင်းမှတ်ထား.
ဆိုပြီး ကျုပ်ရဲ့ ခေါင်းကို လာပုတ်တယ်ဗျ...
ပြီးတော့ ရီပြီး... မင်းအသက်အရွယ်နဲ့ ဒီကိုရောက် လာတာ..မယုံနိုင်စရာပဲဟေ့... ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်ကွာ.. ခုတော့ မင်းနေရပ်ကို ခဏပြန်လိုက်ပါဦး.... အချိန်တန်ရင် မင်းနေချင်ရင်တောင် ငါတို့က လာခေါ်မှာ..
ဟားဟားဟားးဟားးးး လို့အော်ရီတဲ့ အချိန်... ကျုပ်ရဲ့ ခန္ဓာကိုယ်က ကြက်တောင်မွှေး တစ်ခုလို ပေါ့ပါးပြီး လေထဲလွင့်သွားတာ.... ကျုပ်လေပေါ်.
ပျံနေတယ်ဗျ... ဘေးက သစ်ပင်တွေ သစ်တောတွေ ဆိုတာ ရိပ်ခနဲ ရိပ်ခနဲပဲ မြင်ရတယ်. ခဏကြာတော့ ကျုပ်နေတဲ့ သာယာကုန်းရွာရဲ့.. ရွာပြင် ထန်းတောကို လှမ်းမြင်လိုက်ရတယ်... ကျုပ်.. ရွာကိုပြန်ရောက်လာတာပေါ့.... အဲဒါနဲ့ ကျုပ်နေတဲ့ ဇရပ်နားရောက်တော့ ဇရပ်ဘေးမှာ ဆရာကြီးက ဆေးလိပ်ထိုင်ဖွာနေတယ်...
ကျုပ်ခန္ဓာကိုယ်ကတော့ မလှုပ်မယှက် တင်ပလ္လင် ခွေချိတ်ပြီး တရားထိုင်နေတာ...ဒါဆို ဒါဆို..
အခုကျုပ်က .. ခန္ဓာကိုယ်ထဲက စိတ်ဝိဥာဉ်ခဏ ထွက်သွားတာပေါ့.. အဲလိုနဲ့ ကျုပ်လဲ ကျုပ်ခန္ဓာကိုယ်ထဲကို နေသားတကျ ပြန်ဝင် လိုက်တယ်... ခဏနေတော့ ကျုပ်သတိရလာပီ.. ခြေထောက်ကို အသာလေးလှုပ်ကြည့်တယ်... ဟာ..လှုပ်လို့ရတယ်ဗျ... အဲဒါနဲ့ ကျုပ်လဲ မျက်လုံးလေးအသာဖွင့်ကြည့်လိုက်တယ်...
ကျုပ်တရားထိုင်ဖြုတ်လိုက်ပီ.... အဲဒီအချိန်ပဲ ဆရာကြီးက... ကျုပ်ရှေ့ကို လက်ဖက်ရည် တစ်ခွက်လာချပေးတယ်..ပြီးတော့..
အောင်မြတ်သာ... မင်းရဲ့အဆင့်က ငါ့ကို ကျော်လွန်သွားခဲ့ပြီ... ငါအနှစ်၂၀လုံးလုံး ကျင့်ကြံ ခဲ့တာ... မင်းကတော့ ခုမှ ၅နှစ်ပဲ ရှိသေးတယ်.. အရာရာကို ထိုးထွင်းသိမြင်လာခဲ့တယ်....
ကဲကဲ..အခုအဲဒါတွေ မပြောနဲ့တော့... ဒီမှာ လက်ဖက်ရည်သောက်လိုက်... မင်းတရားထိုင် နေတာ.. မနက်ထဲက ခုညနေတောင် စောင်းနေပီ. ကဲကဲ ဆရာကြီးလဲ အဓိဌာန်ဝင်လိုက်ဦးမယ်... မင်းလုပ်စရာရှိတာ... ဆက်လုပ်ထားပေါ့ကွာ ဆိုပြီး လွယ်အိတ်တစ်လုံးကို လွယ်ပြီးထွက်သွားလိုက် တယ်... အဲဒါနဲ့ ကျုပ်လဲ မျက်နှာသစ်.. ကိုယ်လက်သန့်စင်ပြီး... တရားပြန်ထိုင်နေလိုက်တယ်...
ကျုပ်ရဲ့စိတ်က .. အဲဒီတောကြီးထဲကိုပဲ ပြန်သွားချင်နေတယ်... ကျုပ်မှာလိုအပ်ချက်တွေ ရှိသေးတယ်တဲ့.... ကျုပ်ကျင့်ကြံစွမ်းတွေက.. ဘယ်လောက်တောင် ထူးခြားမှုရှိလဲ ကျုပ်စမ်းသပ် ကြည့်ချင်တယ်.... ကျုပ်လဲ အချိန်ပြည့် တရားပဲ ထိုင်နေမိတယ်.. အင်းကွက်တွေလဲ ကျုပ်မဆွဲတော့ဘူး.... ကျုပ်ရဲ့စိတ်ကို.. အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားလိုက်တယ်. ပြီးတော့ ကျုပ်ရဲ့စိတ်ကို လိုချင်တဲ့နေရာကို ပို့လွှတ်ကြည့်တယ်... ကျုပ်မျက်လုံးထဲမှာ အရာအားလုံးကို စိတ်ထဲတွေးသမျှတွေ အားလုံး မြင်လာတယ်....
အဲဒီအချိန်... ရွာထဲက ကာလသား ၂ယောက်.. ဟိုဘက်ရွာက ကောင်မလေးကို သွားပိုးဖို့.. အောင်မြတ်သာ နေတဲ့ ဇရပ်းနားကနေ ဖြတ်လာတယ်...
အောင်ချို..မင်းပြောတဲ့ ကောင်မလေးက လာမှာ သေချာရဲ့လား... မသေချာရင်.. ငါတို့ကို ဟိုဘက်ရွာက ကောင်တွေ ၀ိုင်းရိုက်မှာနော်..
ဟာ ဒီကောင်တော့... သွေးမရှိဘူးလား..
ငါသေချာမှာထားပါတယ်.. လာမှာပါ.. သူတို့ ရွာထိပ်က ကောက်ရိုးပုံမှာ..
သေချာချိန်းထားပါတယ်..မင်းကလဲ စိတ်မပူနေ ပါနဲ့ကွာ....
အေးပါ..အေးပါ မင်းသေချာရင် ပြီးတာပါပဲ... ဒါနဲ့ ဟိုရှေ့က ဇရပ်မှာ မီးရောင်တွေလိုလို အလင်းရောင်တွေ ထွက်နေပါလား...
ဟင်..ဟုတ်လား...
အေး...ဟုတ်တယ်ကွ... အောက်လင်းမီးကြီး ထွန်းထားတာလား...
ဒီအချိန်အောက်လင်းမီးကို ဘယ်သူထွန်းမှာလဲ.. လာကွာ သွားကြည့်ရအောင်ဆိုပြီး ၂ယောက်သား အသာလေးလျောက်လာခဲ့လိုက်တယ်..
ဇရပ်နားရောက်တော့...... ဟာ..ဟင်..
ဟေ့ကောင်..အဲဒါ အဲဒါ.... ဟိုမှာ.. တရားထိုင်နေတဲ့ သူရဲ့ ခန္ဓာကိုယ်က ထွက်နေတာကွ...
အေးကွ... အဲဒါ အောင်မြတ်သာကွ... သူ..သူ.. သူ တန်ခိုးရှင်ဖြစ်နေပီလား....
အောင်ချိုတို့၂ယောက်လဲ.. ကောင်မလေးနဲ့ ချိန်းထားတာကို မေ့သွားပြီး အောင်မြတ်သာကို ကြည့်နေမိတော့တယ်...
ဟိုမှာ..ဟိုမှာကြည့်စမ်း.... တရားထိုင်နေရင်း ခန္ဓာကိုယ်က ကြွတက်လာပါလား... အလင်းရောင် တွေကလဲ..ဖြာထွက်နေတာ မျက်လုံးတောင် ကျိမ်းတယ်....
သေချာပီ.. အဲဒါ ဈာန်ရနေတာကွ... အောင်မြတ်သာ... ဈာန်ရနေတာကွ.... လာကွာ အဘိုးခင်ကို သွားပြောပြရအောင် ဆိုပြီး... ရွာဘက်ကို သုတ်သုတ် ပြန်ပြေးပြီး အဘိုးခင်ကို ပြောပြတော့...
ဟေ..ဟုတ်ရဲ့လားကွာ...မင်းတို့ကောင်တွေ မူးမူးရူးရူးနဲ့ အမြင်မှားလာပီဖြစ်မယ်....
ဟာ အဘိုးခင်ကလဲ ကျုပ်တို့က အဲလောက်မမူး သေးပါဘူးဗျာ...
မယုံရင် အဘိုးခင်ပါ လိုက်ခဲ့...အခုလာ..မြန်မြန်...ဆိုပြီး ၃ယောက်သား ရွာပြင်ဇရပ်ကို ခပ်သွက်သွက် လျောက်လာခဲ့ လိုက်တယ်....ရွာပြင်လဲရောက်ကော... ဘယ်မှာလဲ မင်းတို့ပြောတဲ့ အလင်းရောင်.ငါ့လခွမ်းထဲမှ လူကြီးကို နောက်စရာလား..... ဟိုမှာ အောင်မြတ်သာက အိပ်နေတာ... ဘယ်မှာလဲ မင်းတို့ပြောတဲ့ အရာ..
ဒီကောင်တွေကွာ... ဆိုပြီး ဗြစ်တောက်ဗြစ်တောက် ပြောတာကို....
အောင်ချိုနဲ့ ဘုတင် ၂ယောက်သား ပါးစပ် အဟောင်းသားနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်တယ်...
ခုတော့လဲ အောင်မြတ်သာက သူမဟုတ်သလို ပါပဲလား...... အဲဒါနဲ့ ၂ယောက်သား ချိန်းထားတဲ့ ကိစ္စကိုမေ့ပြီး.. အဘိုးခင်ရဲ့နောက်ကို ခေါင်းငိုက်စိုက်ပြီး လိုက်သွားလိုက်တယ်...
ဒါပေမယ့် သူတို့၂ယောက်ကတော့... စိတ်ထဲမှာ အံ့သြခြင်း.. မယုံနိုင်ခြင်းစတဲ့ ပဟေဠိတွေ ပြည့် နေခဲ့တယ်....
အဲဒီအချိန်ကစပြီး အောင်မြတ်သာ တစ်ယောက် နေ့ည မပြတ် တရားထိုင်နေတာကို တွေ့ရတော့ တာပဲ.....
အဲလိုနေ့ည မပြတ် တရားထိုင်တော့ အရင်ကထက် စိတ်တည်ငြိမ်မှု... သမထအား.. အစစအရာရာ ပိုမိုအားကောင်းလာတယ်... ကျုပ်တရားထိုင်နေရင်ဖြင့် ဘေးမှာ... ၀ိဇ္ဇာတွေ ဇော်ဂျီတွေ...ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်နဲ့ ကျုပ်ကို ကာကွယ်ပေးနေတာဗျ.... ကျုပ်ရဲ့ ခန္ဓာကိုယ်ကလဲ ပေါ့ပါးပြီး ... အရာရာဟာ အေးချမ်းတည်ငြိမ်လာတယ်.... ကျုပ်နေတဲ့ ဇရပ်ဘေးက သစ်ဆိမ့်ပင်မှာနေတဲ့ ရုက္ခစိုးတောင် တစ်ခါတစ်လေ ကျုပ်ဆီ လာပြီး စကားတွေ လာပြောတယ်ဗျ.... ဘေးလူတွေမြင်ရင် ကျုပ်ရူးနေတယ်လို့ပြောမှာ အသေအချာပဲလေ...
ဘာလို့ဆိုတော့ တစ်ယောက်ထဲစကားတွေ ပြောနေတယ်လို့ထင်မှာပဲ....
တစ်ညမှာတော့... ကျုပ်တရားထိုင်ပြီး အိပ်တဲ့အချိန် အိမ်မက်ထဲကို.. ပိတ်ဖြူစင်ကြယ် ၀တ်ထားပြီး... ခေါင်းပေါင်းပေါင်းထားတဲ့ ဥပဓိရုပ် ကောင်းကောင်းလူတစ်ယောက်.. ရောက်လာတယ်.....
ပြီးတော့ကျုပ်ကို လူလေး.... မင်း မကြာခင်... မဟာမြိုင်တောထဲကို လာခဲ့ရမယ်... အဲဒီအတွက် မင်းပြင်ဆင်စရာရှိတာ့ ပြင်ဆင်ထားပါ... မင်းကို လာခေါ်ဖို့ ငါတို့ တပေါင်းလပြည့်နေ့ည မှာ ပြန်လာခဲ့မယ်.....
အဲလိုပြောပြီး ကျုပ်လဲ အိမ်မက်ထဲကနေ လန့်နိုး လာခဲ့တယ်.... နိုးလာတော့.. ကျုပ်အာခေါင်တွေ ခြောက်ကပ်နေခဲ့တယ်....
အဲဒီမှာပဲ... ဘေးက သစ်ဆိပ့်ပင်က အဘိုးက ဆင်းလာပြီး... ကျုပ်ကို ငွေတကောင်းလေးနဲ့ ရေတစ်ခွက်လာပေးတယ်....
ပြီးတော့...ခုနက မင်းဆီကို ပထမံ ဘိုးဘိုးအောင် လာသွားတယ်မဟုတ်လား....ဆိုပြီးပြောတော့..
ဟင်...အဲဒါ ပထမံ ဘိုးဘိုးအောင်လား...
အေး ဟုတ်တယ်.... မင်းကတော့ မကြာခင်မှာ ထွက်ရပ်လမ်းကို မြန်းရတော့မယ်....
သာဓု သာဓု သာဓု.... နောင်ပွင့်မယ့် အရိမေတ္တိယျ ဘုရားကို စောင့်မျှော်ရင်း တရားဘာဝနာကို ပွားများပေါ့ကွာ....
အဘိုးလဲ ဒီဘ၀နဲ့ နောင်ပွင့်မယ့် ဘုရားကို ဖူးမျှော်ဖို့ စောင့်နေတာ..... အိမ်း... အဘိုးလဲ တရားထိုင်ဖို့ ပြန်တော့မယ် လူလေး...
မင်းလဲ .. လုပ်စရာရှိတာ ပြင်ဆင်စရာ ရှိတာပြင် ဆင်ထားတော့... နောက် ၃ရက်ဆို တပေါင်း လပြည့်ပြီ..... အိမ်း... ထွက်ရပ်လမ်းကို လူငယ် တစ်ယောက်မြန်းပြန်ပီဟေ့..... သာဓု သာဓု သာဓု ဆိုပြီး သာဓုခေါ်ပြီး ထွက်သွားတဲ့ ရုက္ခစိုးအဘိုးရဲ့ အသံကို ကြားတော့ ကျုပ်စိတ်ထဲ ဖြစ်လာတဲ့ ပီတိ ကြောင့် တစ်ကိုယ်လုံးအနှံ့မှာ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့တယ်....
မနက်မိုးလင်းတော့ ကျုပ်လဲ အဘိုးခင်ဆီ သွားပြီး အဘိုးခင် ကျုပ် တပေါင်းလပြည့်နေ့ဆို ဒီက ထွက်သွားတော့မယ်.... အဲဒါ ကျုပ်မသွားခင်... အဘိုးခင်ကို ပေးခဲ့စရာရှိတယ်.... ကျုပ်ကို ဆီတစ်ပုလင်းလောက် ပေးပါ ဆိုတော့. အဘိုးခင်က....အိမ်ပေါ်ကို တက်ပြီး မြေပဲဆီ တစ်ပုလင်း... သွားယူလာပေးတယ်....
အဲဒါနဲ့ ကျုပ်လဲ သေချာစနစ်တကျ မန်းမှုတ်ရွတ်ဖတ်ပြီး... အဘိုးခင်..
ဒီဆီပုလင်းကို လိုသလို အသုံးပြုပါ... ၀ဋ်နာ ကံနာ ကလွဲပြီး ၉၆ပါးရောဂါ စုန်းတိုက် နတ်တိုက် အမှောင့်ပယောဂ မှန်သမျှ ဒီဆီလိမ်းပေးရုံနဲ့ ပျောက်ကင်းသက်သာပါလိမ့်မယ်..... အခကြေးငွေမယူပဲ လူသားတွေရဲ့ အကျိုးကို ဆောင်ပေးပါအဘိုးခင်...
ကဲ ကျုပ်သွားပီ... ကျုပ်ကို ဘာမှ ထပ်မမေးပါနဲ့.. တပေါင်းလပြည့်နေ့ အဘိုးခင်ကော.. ရွာသူ ရွာသားတွေပါ သိရမှာပါ... ကျုပ်သွားတော့မယ်.. ဆိုပြီး အဘိုးခင်ရဲ့ အိမ်ဝိုင်းကို ကျောခိုင်းထွက် လာခဲ့လိုက်တယ်....
အဘိုးခင်ကတော့... ဆီပုလင်းကို ကိုင်ပြီး ပါးစပ်အဟောင်းသားနဲ့ အောင်မြတ်သာ ထွက်သွားတဲ့ အရပ်ကို ငေးကြည့်မိနေတော့တယ်.
တပေါင်းလပြည့်နေ့......
အဘိုးခင်လဲ... အောင်မြတ်သာပြောခဲ့တဲ့ အတိုင်း ရွာသူရွာသားတွေကို ခေါ်ပြီး သူနေတဲ့ ဇရပ်လေး ဆီကို ထွက်လာခဲ့လိုက်တယ်...
ဇရပ်လဲ ရောက်ကော... အောင်မြတ်သာကို မတွေ့တော့ဘူး...
ဒါပေမယ့် သူဝတ်ခဲ့တဲ့ အ၀တ်အစားလေးကတော့ ပုံလျက်လေး .......
အဘိုးခင်တစ်ယောက် မျက်လုံးအိမ်တွေ ကြားက မျက်ရည်တွေ ကျဆင်းလာတယ်... ဒါပေမယ့် မျက်ရည်တွေကြားက ပြုံးမိလိုက်တယ်....
ဆရာကြီး တိက္ခကတော့... သူလုပ်နေကျ ၆၂ကွက် အင်းကို စိတ်နှစ်ပြီးဆွဲနေလေရဲ့...
အောင်မြတ်သာတစ်ယောက်... ထွက်ရပ်လမ်းကို မြန်းသွားခဲ့တယ်ဆိုတာ..... ဆရာကြီးတိက္ခရယ်.. အဘိုးခင်ရယ်.. စာဖတ်သူတွေကလွဲပြီး ဘယ်သူသိနိုင်မှာလဲဗျာ......
ဤနေရာတွင် ကျွန်တော်ရေးသားသော ဘုံဘ၀မှာဖြင့် ၀တ္တု ဇာတ်သိမ်းပါပြီ .....
စာဖတ်ပရိသတ်များအားအစဉ်ထာဝရ လေးစားလျက်.....
ဇေယန ( ရာမည )

Comments
Post a Comment