ရွှေပြည်တော်သို့အဝင်(အပိုင်း ၅)ဇာတ်သိမ်း
ရွှေပြည်တော်သို့အဝင်(အပိုင်း ၅)ဇာတ်သိမ်း
ဂန္ဓာရီခရီးစထွက်ရန် ကျွန်တော်ပြင်ဆင်ရပါတော့သည်။
လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီးချိန်မှာတော့ ကျွန်တော်အတွက် ပြည့်စုံသလောက်ဖြစ်သွားခဲ့သည်။
ဝတ်နေကျဝတ်စုံကိုချွတ်ပြီး ပိတ်ဖြူ ဖြင့်ချုပ်ထားသော အင်္ကျီ ၊ ပိတ်ဖြူ ဖြင့်ချုပ်ထားသော လုံချည်ကို ဝတ်လိုက်ရာ ကျွန်တော်အနေဖြင့် ဖိုးသူတော်လိုလို၊ ဘိုးတော်တစ်ယောက်လိုလို ဖြစ်သွားသည်။
နောက်နေ့မှာတော့ ကူလီဒီပကို ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး ပြန်လွှတ်လိုက်တယ်။
ပထမဆုံးအနေနဲ့ မြန်မာပြည်အောက်ပိုင်းရှိ တောင်စဉ်များထံခရီးထွက်ခဲ့လိုက်လေတော့သည်။
ကေလာသတောင်တွင် ကျင့်ကြံစဉ် တောင်စောင့်နတ်တို့ရဲ့အစောင့်အရှောက်ကို ခံယူခဲ့ပြီး ကျွန်တော်အဓိဌာန်ပြီးချိန်တွင် တစ်တောင်လုံးရှိနတ်ဒေဝါများ ငိုကြွေးကြသည်။
မြသပိတ်တောင်ပေါ်တွင် ဥစ္စာစောင့်မောင်နှမများရဲ့ အစောင့်အရှောက်ကိုယူခဲ့သည်။ထိုတောင်တွင် အဓိဌာန်ပြီးချိန်တွင် မောင်နှမများပိုင်ဆိုင်သော ရွှေငွေကျောက်သံပတ္တမြားများအား သာသနာအတွက် အသုံးလိုပါက လာရောက်အလှူခံရန်ပြောကာ ငိုကြွေးကြသည်။
ဇင်းကျိုက်တောင်ပေါ်တွင်ကား ကုလားမကြီးတစ်ယောက်ရဲ့ အနှောင့်အယှက်ကိုခံရသည်။ တရားထိုင်နေစဉ် အနောက်ကနေ ဟက်ဟက်ပက်ပက်ရီမောသံများကြားရသည်။ ခြေကျင်းသံတွေကြားရသည်။ တရားထိုင်မရအောင် ကြောက်မက်ဖွယ် ညီးသံများကြားရသည်။ မေတ္တာပို့အမျှဝေသော်လည်း မရ၊တစ်ခါတစ်ရံ ကျောက်သင်္ဘောစေတီအောက်ရှိ ရေတံခွန်ထဲမှာ နဂါးကိုးကောင်ထွက်လာသည်ကိုလည်းမြင်ရသည်။ ထိုသို့မြင်ရပြီးနောက် တောပိုင်၊ တောင်ပိုင်တို့မှ လာရောက်တောင်းပန်ကာ ကူညီစောင့်ရှောက်ပေးခဲ့သည်။ အဓိဌာန်ပြီးခါနီးတွင် ဇင်းကျိုက်ဆံတော်ရှင်စေတီမှ ရောင်ခြည်တော်ကွန့်မြူးသည်ကို ဝမ်းမြောက်ဝမ်းသာ ဖူးမျှော်ရခဲ့ပါတော့သည်။
နွားလပို့တောင်တွင်မူကား ဆေးဝိဇ္ဇာဇော်ဂျီတို့ရဲ့ကူညီမှူဖြင့် အဓိဌာန်ဝင်ခဲ့သည်။ ဆံတော်ရှင်နွားလဘို့စေတီတော်မြတ်ကြီးကို ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးထက် စောစွာတည်ထားခဲ့သည်ကို သိရှိခဲ့ရတဲ့အတွက် ပိုမိုကြည်ညိုစွာ ဖူးမျှော် ခဲ့ရသည်။ ညချမ်းအခါတွင် တောစောင့်နတ်များမှ နတ်ရေကန်အတွင်းရှိရေများအား ခပ်ယူ၍ ကျွန်တော်ထံယူလာပေးတတ်ကြသည်။ နွားလပို့တောင်တွင် အဓိဌာန်ပြီးချိန် ရောင်ခြည်တော်ကွန့်မြူးပြန်လေသည်။
ထို့နောက် ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်ပေါ်သို့ အဓိဌာန်ဝင်ရန်ထွက်လာခဲ့ရပြန်သည်။ ကျွန်ု၏ ဖြူ ဖွေးသော ပိတ်ဖြူ တို့သည် အချိန်ကြာလာသည်နှင့်အမျှ အဝါရောင်ဘက်သို့ပင် ကူးစပြု နေပေတော့သည်။ မရိတ်မသိမ်းထားသောဆံပင်၊ မုတ်ဆိတ်ကျင်စွယ်တို့သည်မှာလည်း လွန်စွာရှည်လျားနေပေတော့သည်။
ဇွဲကပင်တောင်ပေါ်ရှိ ဆံတော်ရှင်စေတီအောက် ကျောက်ဖျာထက်တွင် အဓိဌာန်ဝင်ခဲ့သည်။ ညချမ်းအခါတွင် ကရင်သင်တိုင်းအဖြူ ကိုဆင်တူဝတ်ဆင်ထားသော ယောင်္ကျားနှင့်မိန်းမနှစ်ယောက် ကျွန်တော်ထံလာရောက်၍ သူတို့သည် ဤတောင်ကိုအပိုင်စားရသော ရွှေကရင်မောင်နှစ်မဖြစ်ပါကြောင်း၊ အနှောင့်အယှက်များကို သူတို့အကူအညီဖြင့် ဖယ်ရှားပြီးဖြစ်ပါသဖြင့် စိတ်အေးချမ်းသာစွာ အဓိဌာန်ဝင်နိုင်ပါကြောင်း လာရောက်ပြောကြားလေသည်။
ဇွဲကပင်တောင်ပေါ်တွင်လည်း အဓိဌာန်အောင်မြင်ခဲ့ပြီး ၊ နောက်ဆုံးညတွင် တောင်စောင့်နတ်၊ ရွှေကရင်မောင်နှမ၊ ဇွဲကပင်တောင်ရှိ အစောင့်အရှောက်များ၊ ထိုထဲတွင် ထူးထူးခြားခြား.ကရင်ကလေးလေး တစ်ယောက်ပါလာလေသည်။ သူ့နာမည်ကိုမေးကြည့်ရာ ဇွဲကပင်မောင်ကျော်ဟုခေါ်ကြောင်း၊ သူက လက်ဝှေ့ကိုဝါသနာပါကြောင်းပြောပြပြီး နောက်လဲ အဓိဌာန်လာဝင်ပါရန်တဖွဖွမှာကာ ကျွန်တော့်အား နှုတ်ဆက်ကြလေသည်။
ထိုအချိန်တွင် ကျွန်ုပ်၏ သမထအားသည် အလွန်အားကောင်းလာကာ အကြား၊အမြင်များသာမက အရာဝတ္တများ၏ ဖြစ်တည်မှုအဆက်အဆက်ကို သိရှိလာခဲ့လေသည်။
ထို့ကြောင့် ကျွန်ုပ်ကိုကူညီစောင့်ရှောက်ခဲ့ဖူးသည့် ထောင်ပိုင်ကြီးဆီစိတ်ပို့လွှတ်ကြည့်ရာ အိပ်ယာထက်တွင်.အိပ်ပျော်နေသည်ကို တွေ့ရသည်။
ထိုမှတစ်ဆင့် ကရင်ပြည်နယ်အတွင်းမှာပဲရှိသည့် မုလအိတောင်သို့ခရီးထွက်ခဲ့တော့သည်။ သုံးရက်သုံးညတိတိသွားပြီးချိန်မှာတော့ မုလအိတောင်ထိပ်ကို ရောက်လာခဲ့သည်။ မုလအိတောင်ကား ထူးဆန်းသည်။ မိန်းမယောင်္ကျား ယှဉ်တွဲတက်မရ၊ ထမင်းချက်ရာတွင်လည်း.မိန်းမချက်မရ၊ ဆန်ကိုသယ်ဆောင်ရာတွင်လည်း.မိန်းမသယ်ယူမရ၊ သက်သက်လွတ်နယ်မြေလည်းဖြစ်သည်။ တောနက်သည် နတ်ကြမ်းသည်၊ တောင်အဆင့်ဆင့်ကိုဖြတ်ပြီးမှ မုလအိစေတီသို့ရောက်သည်။ လမ်းတစ်လျောက်တွင်သစ်တောင်၊ ဝါးတောင်ဟူ၍ တောင်နှစ်မျိုးရှိသည်။
သစ်တောင်တွင် သစ်ပင်ကြီးသာပေါက်သည်၊ ဝါးပင်မပေါက်၊ ဝါးတောင်တွင်ကား ဝါးပင်ကြီးသာပေါက်သည်၊ သစ်ပင်မပေါက်။
တစ်ခါတစ်ရံ ကရင်ဝတ်စုံဝတ်ကာ၊ ကိုးတောင်ကျားစီးသွားသော တောင်ပိုင်များကိုလဲတွေ့ရတတ်သည်။
တောင်ထိပ်သို့ရောက်သောအခါ မိန်းကလေးများ မတက်ရသည့် စေတီ၊ မိန်းကလေးများဖူးမြင်နိုင်သည့် စေတီဟူ၍ နှစ်မျိုးရှိပြန်လေသည်။
ကျွန်တော်လည်း ယောင်္ကျားလေးများဖူးမြင်ရသည့် စေတီရှိရာသို့ တက်ခဲ့ရာ ထုံးသင်္ကန်း လွှမ်းခြုံထားသော.မုလအိစေတီကိုသပ္ပါယ်စွာ ဖူးမြင်ရပါလေတော့သည်။
ထိုစေတီတွင် အဓိဌာန်ဝင်ခဲ့ရာ စေတီအနောက်မှ ရဟန်းတစ်ပါးထွက်လာကာ ကျွန်တော်အား ပြုံးပြပြီး ပျောက်ကွယ်သွားသည်ကို ခဏခဏမြင်ရလေတော့သည်။ တစ်ခြားညများတွင်လည်း ကရင်သင်တိုင်းအနက်ရောင်ဝတ်ဆင်ထားသော ပုဂ္ဂိုလ်များမှ ဆီမီး၊ ရေချမ်းလာရောက်ကပ်လှူသည်ကို တွေ့ရသည်။ အဓိဌာန်တစ်လျောက် စေတီလေးမှာ ကျွန်တော့်လိုလာရောက် အဓိဌာန်ဝင်သည့် ပုဂ္ဂိုလ်ပေါင်းများစွာကိုတွေ့ရသည်။ တစ်ချို့က ဆာဒူးကြီးတွေ၊ တစ်ချို့ကရဟန်းဝတ်တွေ၊ တစ်ချို့က တောင်ဝှေးတကားကားနဲ့ဇော်ဂျီတွေ၊ အဓိဌာန်ပြီးဆုံးချိန်မှာ စေတီအနောက်မှ အမြဲတမ်းကျွန်တော့်အား.လာလာကြည့်သော ရဟန်းမှ သူသည် ဤစေတီကို တည်ထားခဲ့သူဖြစ်ကြောင်း၊ ထွက်ရပ်ပေါက်လမ်းစဉ်ကို အင်းချပ်ဖြင့် ခန္ဓာကိုယ်ထဲဘုရားတည်ကာ လမ်းသစ်ဖွင့်ခဲ့ကြောင်း(ထိုဆရာတော်သည် အောင်မြတ်သာကျင့်ကြံခဲ့သော ဂိုဏ်း၏ ပထမဆုံး ထွက်ရပ်ပေါက် မဏ္ဍိုင်ဆရာတော်ဖြစ်ပါသည်။)ယခုလို အဓိဌာန်အောင်မြင်သွားတဲ့အတွက် ဝမ်းမြောက်ကြောင်း.ပြောကြားကာ အမြင်မှပျောက်ကွယ်သွားခဲ့သည်။
ထိုနောက်ဇလုံတောင်ဘက်ကိုသွားရပြန်သည်။ ကျင့်စဉ်အဓိဌာန်ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် အမှားမရှိအောင်ဂရုစိုက်ရလေတော့သည်(ဇလုံတောင်ကားယခင်က သလွန်တောင်ဟုအမည်တွင်ပြီး ဆင်မိသားစုပုံသဏ္ဍန်ဖြစ်ပေါ်မေသည့်အတွက် ရှမ်းဘာသာစကား စန်းလုံး မှ ခေတ်ကာလအလျောက် ဇလုံဟုဖြစ်ပေါ်လာသည်ကို ဖတ်ရှုရပါသည်)
ဇလုံတောင်သည် အရိမေတ္တိယျမြတ်စွာဘုရား.ပွင့်တော်မူပြီး တရားဦးဟောတော်မူမည့်တောင်ဟု ဗျာဒိတ်ရထားသဖြင့် အလွန်အစောင့်အရှောက်များတယ်
ဇလုံတောင်တွင် အဓိဌာန်စဝင်ချိန်မှစ၍ သမာဓိကို လာရောက်စမ်းသပ်ကြလေသည်။
တစ်ခါတစ်ရံ အလွန်မွှေးသောအနံ့ဖြင့်စမ်းသည်။
တစ်ခါတစ်ရံ အလွန်နူးညံ့သောအတွေ့အထိဖြင့် စမ်းသည်။
တစ်ခါတစ်ရံအလွန်သာယာသောအသံဖြင့်စမ်းသည်။
တစ်ခါတစ်ရံ ကြောက်မက်ဖွယ်အဆင်းသဏ္ဍန်တွေနဲ့စမ်းသည်။
ထိုအရာသည်ကား ကျွန်တော့်သမာဓိကို အနည်းငယ်မျှ မထိခိုက်စေသောအခါ အစောင့်အရှောက်များမှ ကျွန်တော့်အား လာရောက်တောင်းပန်ရလေတော့သည်။
ထိုမှတစ်ဆင့် တောင်ညိုတောင်သို့ ခရီးဆက်ခဲ့ပြန်သည်။ ပျဉ်းမနားတောင်ညိုတောင်ပေါ်ရှိ စေတီတစ်ဆူတွင် အဓိဌာန်စဝင်လေတော့သည်။ တောင်ညိုတောင်တွင်ကား တောင်ပိုင်ဘိုးဘိုးကြီးတစ်ဖြစ်လဲ တောင်ညိုဘိုးဘိုးကြီးရဲ့ အစောင့်အရှောက်ကိုယူကာ အေးချမ်းစွာကျင့်ကြံခဲ့ရလေတော့သည်။
တောင်ညိုဘိုးဘိုးကြီးကား.မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်သဖြင့် သူလာပီဆိုရင် စည်သံဗြောသံကအရင်ကြားရသည်။ ထို့နောက်တွင်မူ ကိုးတောင်ကျားကြီးရဲ့ ခါးလည်ကနေ ထိုင်လျက်လိုက်လာသည်ကို မြင်ရသည်။ သူ့နောက်တွင်ကား အခြွေအရံအသင်းပင်းပေါင်းများစွာ အမြဲလိုလိုပါလာတယ်။
တောင်ညိုတောင်တန်းတွင်ကား နာနာဘာဝ ၊ ဝိနာဘာဝ၊ ဥစ္စာစောင့်အလွန်ပေါများတယ်။ သာမန်လူတွေအဖို့ မြင်လိုက်ရပါက ရူးသွပ်သွားစေနိုင်သည့် မိန်းမချောလေးတွေရှိသလို၊ ခြောက်ခြားကြောက်မက်ဖွယ်အတင်းသဏ္ဍန်နဲ့ နေထိုင်သူတွေလဲရှိတယ်။
တောင်ညိုတောင်တွင် အဓိဌာန်ပြီးဆုံးချိန် အမျှအတန်းဝေရာ တောင်စဉ်တစ်ခါလုံးမှ သာဓုခေါ်သံတွေ လှိုင်းထပ်မျှ ကြားရလေတော့သည်။
ထို့နောက်နောက်ဆုံးတောင်တစ်ခုဖြစ်သော ပုပ္ပါးတောင်တော်ရှိရာခရီးဆက်ခဲ့လေသည်။ ပုပ္ပါးတောင်တွင် အဓိဌာန်ဝင်နေစဉ် ကျွန်တော်၏ ကိုယ်အား ဂုန်မှဆွဲတင်လိုက်သလို လေထဲကြွတက်သွားတယ်။ အဓိဌာန်မပျက်အောင်ဂရုစိုက်ရင်းမှတ်သည်။ ကျောအနောက်ကနေ တွန်းသည်။ မြေကြီးနဲ့နဖူးထိခါနီးမှ ပြန်ဆွဲသည်။ အရှေ့ကို မိုးကြိုးပစ်ချသလို အသံကြီးတွေကြားရသည်။ ကိုယ့်အလုပ်မပျက်စေဖို့ စိန်ထဲကနေ ကြိတ်မှိတ်ရင်းဆက်မှတ်သည်။ ထိုအချိန်တွင် ဒိန်းခနဲ ဦးနှောက်ကပွင့်ထွက်သွားတယ်။
ဦးခေါင်းမှ အလင်းတန်းတစ်ခုထွက်လာပြီး လေဟာတစ်ခုလုံးလင်းထိန်သွားသည်။
ခန္ဓာကိုယ်ထဲကနေ အလင်းဓာတ်တွေ စုပြုံတိုးဝှေ့ထွက်လာခဲ့သည်။ ထိုစဉ်ဟက်ဟက်ပက်ပက် ရီသံကြီးကြားလိုက်ရသည်။ လူအများဝိုင်းရီကြသလို အသံတွေက နေရာအနှံ့ကြားလိုက်ရသည်။
ထိုစဉ်လူတစ်ယောက် ကျွန်တော်ဆီလမ်းလျောက်လာနေတာကို မြူ မှုန်တွေကြားထဲတွေ့လိုက်ရတယ်။ အနားရောက်လို့ကြည့်လိုက်တော့ ဆရာဒီပဖြစ်နေတယ်။
ကိုယ့်ဆရာမဟာဒီပ
သင်ရဲ့ပညာက ဒီနေရာမှာ ရပ်မယ်ဆိုရပ်လို့ရပီ
သင်ဟာ သာမန်လူတွေထက်ထူးခြားခဲ့ပြီး
ကျွန်ုပ်တာဝန်လဲပြီးဆုံးပြီဆိုတော့ ကျုပ်လဲ ရှမ်းဘဲလားကိုပြန်ရတော့မယ်။
ထိုအခါ.ကျွန်တော်က
သင်က ကျွန်တော့်ကိုဘာကြောင့်ကူညီခဲ့တာလဲ
သင်ကအမှန်တကယ် ဘယ်သူလဲ
ကျုပ်က သင်ရဲ့ပုံစံကိုယူထားတဲ့သူ
ကျုပ်နာမည် "တောက်ထွန်း"
ကျုပ်လဲ နောင်ပွင့်မယ့်ဘုရားကိုဖူးမျှော်ဖို့ စောင့်နေရတဲ့သူပဲ
ခင်ဗျားနာမည်အခုချိန်ကစပြီး
မဟာဒီပဖြစ်သွားပီ
ကျုပ်တာဝန်ပြီးဆုံးပြီဆိုတော့
ခင်ဗျားကိုလာနှုတ်ဆက်တာ
ခင်ဗျားအနေနဲ့ ကျုပ်ဆီလိုက်လာချင်တယ်ဆိုရင်
ခင်ဗျားပြည်တော်ဝင်ဖို့လိုမယ်..
ခင်ဗျားကျင့်ကြံခဲ့ရတဲ့အကြောင်းအရာတွေကို မှတ်တမ်းတစ်ခုကျန်အောင်လုပ်ရမယ်။
ထိုမှတ်တမ်းရေးပြီးတဲ့အချိန်မှာလဲ ခင်ဗျားတာဝန်မပြီးသေးဘူး။
ကျုပ်လိုပဲ ခင်ဗျားတာဝန်ဆက်ယူရမယ့်ကိစ္စတစ်ခု
ရှိသေးတယ်။
ခင်ဗျား သာမန်ဒီပကနေ မဟာဒီပဖြစ်သွားအောင် ကျုပ်လမ်းညွှန်ခဲ့တယ်။
ခင်ဗျားလဲ တစ်ခြားတစ်ယောက်ကို လမ်းညွှန်နိုင်မှ အေးချမ်းမှုတွေနဲ့ပြည့်နေတဲ့ ရှမ်းဘဲလား (ခေါ်) သူတော်စင်တွေစုဝေးရာအရပ်သို့ လာရလိမ့်မယ်။
ကဲ ကျုပ်တာဝန်ပြီးဆုံးပီဆိုတော့
သွားပီ မဟာဒီပရေ..
ပြည်တော်ဝင်ပြီး
ကိုယ်လုပ်ရမယ့်တာဝန်ကိုဆက်လက်ထမ်းဆောင်ပေတော့..
ထို့နောက် ကျွန်ုပ်လဲ ပုပ္ပါးတောင်ထိပ်ကနေ စိတ်လွတ်ကိုယ်လွတ်အော်လိုက်လေတော့သည်...
" ရွှေပြည်တော်သို့ ပြန်ဝင်ပီဟေ့ "
....
ကလေးတစ်သိုက်ကစားနေရာဆီသို့
လူတစ်ယောက် စိုက်ကြည့်နေသည်။
ကလေးများထဲမှ အသားမဲမဲ ကလေးတစ်ယောက်က ကျန်တဲ့ကလေးတွေကို ဆရာလုပ်ကာ ဆော့ကစားနေသည်ကို တွေ့ပြီး စိတ်ထဲကနေ ပြောလိုက်တယ်။
ဝိဇ္ဇာဆိုတာ ဒီလိုထက်မြက်တဲ့ ဥာဏ်ရည်ရှိရမယ်
ဟဲ့ ကလေး မင်းနာမည်.ဘယ်လိုခေါ်တုန်း
ထိုအခါ အသားမဲမဲ ကလေးက
ကျုပ်နာမည် မီးခဲလို့ခေါ်တယ်
အမေက အသားမဲလိုတဲ့ မီးခဲလို့ပေးထားတယ်။
အသားမဲမဲ မီးခဲဆိုတဲ့ ကလေးငယ်ကို.ကြည့်ကာ ကျွန်တော်ပြုံးလိုက်သည်။ ထိုကလေးငယ်ကား နောင်တစ်ချိန်တွင် လောကကြီးကို အလင်းပေးမည့် မီးခဲလေးဖြစ်လာမှာကို ကျွန်တော်သိနေလို့ပဲ။
ထို့နောက်စိတ်ထဲကနေ ..
မီးခဲလေးကို ပိုလင်းအောင်ငါလုပ်ရဦးမယ်
ဒါမှ ငါရဲ့ပြည်တော်ဝင်ခရီးပြီးမြောက်တော့မယ်။
ထို့နောက် ကစားနေသော ကလေးအုပ်အား ကျောခိုင်းကာ တရွေ့ရွေ့ဖြင့်.....
ဤတွင် ကျွန်ုပ်ရေးသားသော " ရွှေပြည်တော်သို့ အဝင် " ဇာတ်လမ်းပြီးဆုံးပါပြီ။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Comments
Post a Comment