ဘုံဘ၀မှာဖြင့် အပိုင်း ( ၂ )

ဘုံဘ၀မှာဖြင့် အပိုင်း ( ၂ )
##################

ဟာ...အို....ဟင်.... ရွာသားတွေရဲ့ နှုတ်ဖျားက အာမေဍိတ်သံတွေ ကိုယ်စီထွက်လာခဲ့တယ်.
အဘိုးခင်က .အောင်မြတ်သာ.. လူလေး.. မင်း ဘယ်လိုသိတာလဲ.. ရွာမှာ လူမမာရှိတာ ဘယ်လို သိတာလဲ...
အောင်မြတ်သာက ဘာမှမပြောပဲ.. ပါးစောင်လေး တွန့်ရုံသာ တစ်ချက်ပြုံးလိုက်တယ်....ပြီးတော့..
မဟုတ်ပါဘူး အဘိုးခင်.. ရွာထဲမ၀င်ခင် ထင်းခုတ် သမားတွေပြောတာ နားစွန်နားဖျား ကြားမိလို့ပါ.
အေးကွယ်... ရွာလယ်က ကိုဖိုးလှလေ .. သိတယ်မဟုတ်လား.အောင်မြတ်သာ.. အဲဒါ နှာခေါင်းရိုးအပေါ်မှာ..အနာဖြစ်နေတာ.. ဆေးတွေလဲစုံနေပီ.. ရွာက ကျန်းမာရေးမှူးနဲ့ ကုတော့လဲ မရဘူး... အနာက ပြည်တစွတ်စွတ် ထွက်နေတာ.. သူလဲ အဲဒီစိတ်ကြောင့်.. အိပ်ယာထဲ လဲနေတယ်... အနာကတော့ ယောင်ပြီး သွေးပြည်တွေထွက်နေတာပဲ.. ဟူးးးး ရင်မောလှပါဘိကွယ်..
အဘိုးခင်.. ဦးဖိုးလှ အဲလိုဖြစ်တာ... ဘယ်ချိန်ထဲ ကလဲ...
အိမ်းးး ဘယ်ချိန်ထဲကဆိုတော့... လွန်ခဲ့တဲ့ ၅လလောက်က စဖြစ်တာ...
ဖိုးလှအိမ်မှာက ယုန်လိုက်ဖို့ ခွေးတွေ မွေးထား တယ်လေ...
တစ်နေ့.. အဲဒီထဲက ဂုတ်ကျားဆိုတဲ့ ကောင်က ဒေါ်ဘုမ မွေးထားတဲ့ ကြက်ကို ကိုက်လိုက်တယ်..
အဲဒီမှာ ဒေါ်ဘုမနဲ့ ဖိုးလှ စကားများကြတယ်လေ..
နောက်နေ့ကျတော့... ဂုတ်ကြားလဲ ပါးစပ်ထဲက အမြုပ်ထွက်ပြီး.. သေနေတာ ...
အဲနေ့ထဲက ဖိုးလှ နှာခေါင်းအပေါ်ဘက်မှာ.. သွေးစုနာလို အနာတစ်လုံးပေါက်လာတာကွဲ့...
အဲဒီသွေးစုနာက တဖြေးဖြေး ကြီးလာပြီး.. ခုဆို ကွမ်းသီးလုံးလောက်ထိ ဖြစ်နေပီ...
လာလာ... ဖိုးလှ အိမ်ရောက်မှ လူလေး ကြည့်လိုက်...ဆိုပြီး ပြောပြောဆိုဆိုနဲ့ .. ရွာထဲ လျောက်လာတော့....
ဦးဖိုးလှအိမ်မျက်စောင်းထိုးလဲ ရောက်ကော....
ဟယ်... အောင်မြတ်သာ မဟုတ်လား...
ကြည့်စမ်းပါဦး ထွားလာလိုက်တာ... အရီးလေးကို မမှတ်မိဘူးလား... အရီးလေးဘုမလေ... ဆိုပြီး..
ဒေါ်ဘုမက အရင်လာနှုတ်ဆက်တယ်...
အောင်မြတ်သာလဲ... ဟုတ်ကဲ့ မှတ်မိတာပေါ့ အရီးလေးရယ်... ကျုပ်ဘယ်မေ့မှာလဲ...ဆိုပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်တော့.. ဒေါ်ဘုမ မျက်နှာ ကွက်ခနဲ ပျက်သွားတာကို အဘိုးခင်က ဖြတ်ခနဲ တွေ့လိုက်တယ်.....
အောင်မြတ်သာ..သားလေး.. ခုမှ ရောက်တာဆို.. ခုက ဘယ်သွားမလို့လဲ... ခဏနေ အရီးလေး ဟင်းလာပို့ပေးမယ်.... တိုက်တိုက်ဆိုင်ဆိုင်ကွယ်.
ဒီနေ့ အိမ်မှာ ကြက်သားကာလသားဟင်း ချက်စားတယ်ကွဲ့.....
ဟုတ်ကဲ့ပါ.. အရီးလေး.. ကျွန်တော်အခု ဦးဖိုးလှ ကိုခဏသွားကြည့်မလို့... သူနေမကောင်းဘူး ဆိုလို့လေ....
အော်.. ဟုတ်လား.. အဲလိုတွေ သွားကြည့်မယ်..
ဆိုတော့... မင်းက ဆေးကုတတ်လို့လား... ပေါက်ကရတွေ လျောက်မလုပ်နေနဲ့နော်...
ဟက်ဟက်ဟက်..ဆိုပြီး ခနဲ့သလိုလို.. ရိသလိုလိုနဲ့... ပြောပြီး အိမ်ထဲဝင်သွားတယ်....
အောင်မြတ်သာကတော့ လှောင်ပြုံးလေး တစ်ချက်ပြုံးလိုက်ပြီး... ဦးဖိုးလှနေတဲ့ အိမ်ပေါ်ကို လှမ်းတက်မယ်လုပ်တော့.....
အနောက်ကနေ တစ်စုံတစ်ယောက် လှမ်းဆွဲ ထားသလို တွန့်ခနဲဖြစ်သွားတယ်....
အဲဒါနဲ့ အနောက်ပြန်ဆုတ်ပြီး... အဖိုးခင်... ကျွန်တော် အိမ်ပေါ်မတက်တော့ဘူး.... ဦးဖိုးလှကို ဒီကွပ်ပြစ်ကိုပဲ တွဲခေါ်လာပေးပါ... အဲဒီရောဂါကို ကျုပ် ခုပဲ ပျောက်အောင် ကုပေးမယ်.....
ဟင်.. ဖြစ်ပါ့မလား အောင်မြတ်သာရယ်... တကယ့်ဆေးဆရာတွေတောင်မှ ကုမရတာ.. မင်းက ဘယ်လိုကုမှာလဲ... နောက်ပြီး မင်းက ငယ်သေးတယ်...
အောင်မြတ်သာ တစ်ချက်ပြုံးလိုက်ပြီး....
ကဲ အဖိုးခင်... ရွာထဲမှာ လိုက်ပြောပေးပါဦး
ကျုပ် ဦးဖိုးလှ ရောဂါကို ကုမယ်လို့... မပျောက်ရင် ဟော..ဟိုမှာ ချိတ်ထားတဲ့... တံစဉ်းနဲ့ ကျုပ်လည်ပင်းကို လှီးသွားလိုက်.... .ကဲ အဲလိုဆိုကော...
အေးပါကွယ်..အေးပါ.. ကုကြည့်ပေါ့.. ပျောက်တော့လဲ သူကံပေါ့ကွာ....
ကဲ.. သာဒိုး.. ဦးဖိုးလှကို တွဲခေါ်ခဲ့ကွာ.. ဆိုပြီး ပြောတော့
ဟုတ်..ဟုတ်ကဲ့ .အဖိုးခင် ဆိုပြီး သားဒိုး တစ်ယောက် အိမ်ပေါ်ကို ပြေးတက်သွားတယ်....
အဲဒီအချိန်..... အောင်မြတ်သာရေ..အောင်မြတ်သာ..
အော်.. အရီးလေးပါလား...
အေးကွယ်..မင်းအတွက်.. ဟင်းလာပို့တာ... ဒီမှာ ကြက်သားကာလသားချက်လေး.. ရှယ်ချက်ထား တာ..... ရောက်တုန်းရောက်ခိုက် စားဖြစ်အောင်.. စားနော်.. အိမ်ကြက်သားလေး ချိုတယ်...
ဟုတ်ကဲ့ အရီးလေး .. ကျေးဇူးပါ... ပေးပေး ကျွန်တော်ကိုပေး ဆိုပြီး ဟင်းခွက်ကို... ယူလိုက်ပြီး.. ဘေးမှာအသာချထားလိုက်တယ်...
အဲနောက်... ဒါဆိုလဲ အရီးလေးပြန်လိုက်ဦးမယ်..
နောက် အိမ်လဲ လာလည်ဦးနော်.....ဆိုပြီး
လှည့်ထွက်သွားသော အရီးလေးဘုမကို ကြည့်ပြီး စိတ်ထဲကနေ ရေရွတ်မိလိုက်တယ်....
အောင်မြတ်သာ.. အကြောင်း မကြာခင် သိရတော့မှာပါဆိုပြီးတော့.......
ခဏနေတော့ ဦးဖိုးလှ တစ်ယောက် ကွပ်ပြစ်ပေါ် တက်လာတယ်....
မြင်ရတဲ့ မြင်ကွင်းက အားရစရာ မရှိဘူး...
ယောင်ကိုင်းနေတဲ့ အနာက မျက်လုံး၂လုံးကို ဖုံးတော့မယ်... အနာဖုကနေ အပြည်တွေ သွေးတွေက တစိမ့်စိမ့်ယိုကျနေတယ်.....
အဲဒါနဲ့... အဖိုးခင်.. ခုနက ဒေါ်ဘုမ လာပေးတဲ့ ကြက်သားဟင်းကို ဘယ်သူကိုမှ မပေးစား နဲ့နော်. ကြောင်အိမ်ထဲ ထည့်ပြီး သော့ခတ်ထား ပေးပါ.... အဘိုးခင် ကိုယ်တိုင်လုပ်ပါ.... ဆိုပြီးပြောတော့
ဟေ... ဘာဖြစ်လို့လဲ အောင်မြတ်သာရ..
အဲဒါက နောက်တော့ သိရမှာပါ.. ခုတော့ အဲလိုလုပ်ထားပေးပါ....ဆိုပြီးပြောရင်း...
ဦးဖိုးလှ အရှေ့မှာ ၀င်ထိုင်လိုက်တယ်....
ရွာသားတွေကလဲ အသက် ၁၇နှစ်လောက်ပဲ ရှိတဲ့ ကလေးသာသာလေးက ရောဂါကုမယ်ဆိုတော့.. တစ်ရွာလုံးနီးပါး လာထွက်ကြည့်တာ... ဦးဖိုးလှ ရဲ့ အိမ်ဝိုင်းထဲမှာ လူတွေ ပြည့်သွားတယ်...
အဲဒါနဲ့ ကျုပ်လဲ... ဘုရားရှိခိုး.. အထက်ဆရာကြီး ဦးသြဘာသ.. ဦးဝေပုလ္လ. ရက်ကန်းစင်တောင် ဆရာတော်ဘုရားကြီး.. စတဲ့ အထက်ဆရာတွေ ထံခွင့်ပြန်ပြီး ရောဂါကုဖို့ ခွင့်တောင်းလိုက်တယ်..
ပြီးတော့ မေတ္တာပို့ အမျှအတန်းဝေပြီး... ဦးဖိုးလှ အရှေ့မှာ ထိုင်လိုက်တယ်.....ပြီးတော့...
ဦးဖိုးလှ.. ဖြစ်နေတာ.. သာမန်အနာမဟုတ်ဘူး...
အဲဒါ သူများပြုစားထားတာ... အခု ကျုပ်ကုတော့မယ်....ဆိုပြီး....
ကဲ.. ငါ့အမိန့်.. ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက် အမိန့်... ဘိုးတော်သိကြားမင်းရဲ့ အမိန့်တော်..
သူတစ်ပါးရောဂါဝေဒနာ ခံစားရအောင် လုပ်သူ...
ခုချက်ချင်း ငါ့ရှေ့အရောက်လာစမ်း..ဆိုပြီး ကွပ်ပြစ်ကို လက်နဲ့ရိုက်လိုက်တာ....
မကြာပါဘူး.... ဦးဖိုးလှ တစ်ယောက်... တ၀ါးးးဝါးး တဟားဟားး ထရီပါလေရာ....
ကျုပ် သိလိုက်ပီ... ပြုစားတဲ့သူ အမိန့်ကို မလွန်ဆန်နိုင်လို့ ကျုပ်အရှေ့ကို ရောက်လာပီ.....
ဟားးဟားးးဟားးး အမယ် အမယ်.. ကျုပ်အရှေ့ ရောက်နေတာ.. ဓါတ်ရှင်မင်းသားလေးလား... ငယ်ငယ်ချောချောလေးပါလား... ဟက်ဟက်ဟက် ဆိုပြီးရိသဲ့သဲ့စပြောပါလေရော..
အဲဒီမှာ ထူးဆန်းတာက.. ယောင်္ကျားရင့်မာကြီး ပြောနေတာက မိန်းမအသံဖြစ်နေတယ်.... တစ်ရွာလုံးလဲ... အံ့သြလွန်းလို့ အပ်ကျသံပင် မကြားလောက်အောင်..တိတ်ဆိတ်နေတယ်... ခွေးတွေကအစ အမြှီးလေးကုပ်ပြီး.. ငြိမ်နေကြ တယ်..
ကျုပ် တစ်ချက်ပြုံးလိုက်ပြီး..... ဓါတ်ရှင်မင်းသား လဲ မဟုတ်ပါဘူး... သူတစ်ပါးပြုစားလို့ ဝေဒနာ ခံစားနေရတဲ့သူတွေကို ကုသပေးဖို့အတွက် ရောက်လာတာပါ.....
ကျုပ် စကားသိပ်များများ မပြောဘူး... ကဲ အခုရောက်လာတာ ဘယ်သူလဲ....ဆိုပြီးမေးတော့
ကျုပ်လား နတ်သမီးလေ.. ဟီးး ဟီးးဟီးး
ဟုတ်လား..နတ်သမီးလား.... ကျုပ် အကောင်းမေးနေတာ.. အကောင်းမဖြေဘူး...
ကဲ နောက်ဆုံးတစ်ခေါက်မေးမယ်... ခင်ဗျား ဘယ်သူလဲ....
ကျုပ်လား....နတ်သမီးပါလို့ဆိုနေ ဟားဟာားးးးးးး
အောင်မြတ်သာ သိလိုက်ပီ..... မဲပြုံးလေး တစ်ချက်ပြုံးပြီး....
ကျုပ်အဆိုးမဆိုနဲ့တော့နော်.....
လောကပါလကို စောင့်ကြပ်နေတဲ့ နတ်မင်းကြီး လေးပါးကို တိုင်တည်ပါတယ်....
ယခု ၀င်ရောက်လာသူရဲ့ လက်ကို နောက်ပြန် ကြိုးတုတ်ပေးထားပါ.... နောက်ပြန်ကြိုးတုတ် ပေးထားပါ..
ဆိုတော့ ဦးဖိုးလှတစ်ဖြစ်လဲ ၀င်ပူးနေတဲ့သူရဲ့ လက်က အနောက်ဘက်ကို အလိုလို ရောက် သွားတာ.... ထူးဆန်းစွာမြင်နေရတယ်...
ပြီးတော့ အောင်မြတ်သာလဲ... မျက်စိမှိတ် တင်ပလ္လင်ခွေထို်င်ပြီး.... ပေါင်ပေါ် လက်ဖ၀ါး တင်ထားတာ..... အဲဒီအချိန် ဘုတ် ဆိုပြီး... ကွပ်ပြစ်ဘေးက သစ်ပင်ပေါ်ကနေ... ကြိမ်တုတ် တစ်ချောင်းသူအလိုလို အောင်မြတ်သာရဲ့ လက်ပေါ်ကျလာတယ်.....
အို...ဟာ.. အံ့သြစွာအော်တဲ့ အသံတွေ .. အာမေဋိတ်အသံတွေ တိုးတိုးတိုးတိုး ထွက်လာတယ်.....
အောင်မြတ်သာလဲ... ဒီမှာတွေ့လား... အထက်ဆရာတွေက မင်းကို ဆုံးမဖို့... ဆေးကြိမ်လုံးပို့လိုက်ပီ....
ကဲ အရင်ဆုံးမြည်းကြည့် ဆိုပြီး လေထဲကို တရွမ်းရွမ်းနဲ့ ရိုက်လေ... ဦးဖိုးလှ တစ်ယောက် ငယ်သံပါအောင် အော်လေပဲ... ဒါပေမယ့် ထပြေးလို့မရဘူး... လက်ကလဲ နောက်ပြန်.. ကြိုးချည်ထားသလိုနဲ့ ကွပ်ပြစ်ပေါ်မှာ လိမ့်နေအောင် အော်နေတာ.....
ကဲ..ဖြေစမ်း... မင်းဘာလို့ ခုလိုလုပ်တာလဲ....
ဆိုပီးမေးတော့ မဖြေချင်သေးဘူး အင်တင်တင် လုပ်နေတယ်.... နောက်တော့ ကြိမ်လုံးနဲ့ ရွယ်တော့မှ...
အမလေး အီးးဟီးးဟီးးး မရိုက်ပါနဲ့တော့.... ပြောပါတော့မယ်... ငါမွေးရင် ငါ့သားလောက်ပဲ ရှိတဲ့ ကောင်လေးကို ငါမနိုင်ဘူး..
အမလေး ကြားလို့မှ ကောင်းသေးရဲ့လား...
မင်းကဘာလို့ ဒီလောက်စွမ်းနေတာလဲ...
ငါပြောမယ်..ငါပြောပြမယ်.. ထပ်မရိုက်ပါနဲ့တော့..
ဆိုပြီး အသံနက်ကြီးနဲ့ ထပြောပါလေရော..
အဲတော့ အောင်မြတ်သာက ... ပြော ဘာလို့ ခုလို လုပ်တာလဲ....
ငါ့ကို မချေမငံပြောလို့... ငါမကျေနပ်လို့ လုပ်တာ.
အိမ်းး.ခင်ဗျား ဘယ်သူဆိုတာ ကျုပ်သိတယ်... ဒါပေမယ့် ကျုပ်လူကြားထဲ မမေးတော့ဘူး... နောက်တစ်ခု မေးစရာ ရှိတယ်... လွန်ခဲ့တဲ့ ၃နှစ်လောက်က ကျုပ်ညီမလေးကို လုပ်တာလဲ ခင်ဗျားပဲ မဟုတ်လား... ဖြေစမ်း...
အီးးဟီးးဟီးး ဟုတ်ပါတယ်... ငါ့ကို ခွင့်လွှတ်ပါ.. ထပ်မရိုက်ပါနဲ့တော့ .. ကြိုးလဲဖြေပေးပါတော့.. အရမ်းနာလှပီ...
အောင်မြတ်သာ သွေးတွေဆူပွက်လာခဲ့တယ်...
ညီမလေးဖြစ်သူ ထွေးငယ်ရဲ့ ဝေဒနာခံစားနေရတဲ့ မျက်နှာက မျက်လုံးထဲ ၀င်လာတယ်....
ရိုက်မလို့ လက်ကို ရွယ်လိုက်တဲ့အခါ.... ဆရာသခင်မှာထားတဲ့ စကားက နားထဲ ရောက်လာတယ်....
လူလေးအောင်မြတ်သာ... တစ်ဖက်သားက အမှားကို သိလို့ အမှန်ပြင်မယ်ဆိုရင် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဘူး... သနားငဲ့ညှာစွာ ဆက်ဆံပါလူလေး...... ဆိုတဲ့ သတိပေးစကားသံ ကြားယောင်လာတယ်...
အဲတော့မှ လက်ထဲက ကြိမ်တုတ်ကို ချပြီး... ပညာတွေကို ဘုရားမှာ လှူ ဖို့ မေတ္တာရပ်ခံတယ်..
အခုပညာသည်ကလဲ အရမ်းကြီးအဆင့်မမြင့်..
သေးတော့.. သူရဲ့ပညာတွေကို ဘုရားမှာ အကုန် လှူ ခဲ့တယ်... ကျုပ်လဲ သစ္စာရေတိုက်ပြီး လုပ်ထားတဲ့ ရောဂါကို ပြန်ယူခိုင်းလိုက်တယ်....
ခဏနေတော့ ဦးဖိုးလှ သတိပြန်ရလာတယ်....
ဦးဖိုးလှ မျက်နှာက အနာဖုက အပြည်တွေ အရမ်း ထွက်လာပြီး အထဲကနေ... တစ်စုံတစ်ခု ထွက်လာတယ်...
အဲမှာ အဘိုးခင်က .. အောင်မြတ်သာ.. ဒီမှာကြည့်စမ်း.. ဖိုးလှ နှာခေါင်းအနာကနေ ဘာထွက်လာလဲ ကြည့်စမ်း....ဆိုပြီး လာပြတော့.
ဟာ... သွေးတွေ ပြည်တွေ ပေနေတဲ့ ကြက်တောင်ပံရိုးကြီး....လက်တစ်ဆစ်လောက် ရှိတယ်... အားလုံးလဲ ကြောက်လန့်အံ့သြစွာ မှင်သက်နေကြတယ်.... အဲဒါနဲ့ ကျုပ်လဲ...
အဖိုးခင်ကို အသာလေး ခေါ်ပြီး...
အဖိုးခင်.. ကြောင်အိမ်ထဲက ဟင်းပန်းကန် သွားကြည့်လိုက်.. ဘာထူးခြားလဲ ကျွန်တော့်ကို ပြန်ပြောနော်.. ဘယ်သူကိုမှမပြောနဲ့... ဆိုပြီး ပြောတော့ အဖိုးခင်လဲ ခပ်သုတ်သုတ် ထွက်သွား တယ်....
ခဏနေတော့ အဖိုးခင်က လူလေး.. ထူးဆန်းတယ်ကော... ကြက်သားဟင်း ပန်းကန် ထဲမှာ ၀ါးခြမ်းပြားတွေ ရောက်နေတယ်... အဲဒါ အဖိုးသွန်ပစ်လိုက်ပီ..... ဆိုတော့
အောင်မြတ်သာက... ခုလောက်ဆို အဘိုးခင် သိလောက်ပီပေါ့... ဒါပေမယ့် ဘယ်သူကိုမှ မပြောပါနဲ့.. သူလဲ အမှားကို သိလို့ပြင်ပြီးပီပဲ...ထားလိုက်ပါတော့...အဘိုး..
အင်းပါ.လူလေးရယ်... မင်းက ဘာလို့ ဒီလောက် စွမ်းနေရတာလဲ... မင်းရွာက ထွက်သွားပြီး ဘယ်တွေ ရောက်ခဲ့တာလဲ... အဘိုးကိုပြောပြ စမ်းပါဦး....ဆိုပြီးမေးတော့... ဒီလိုပါအဘိုးဆိုပြီး
ကျုပ်လဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက် တော့တယ်.........
အပိုင်း ( ၃ ) ဆက်လက်ရှုစားပါရန်.....

ဇေယန ( ရာမည )

Comments

Popular posts from this blog

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

အောင်​မြတ်​သာနှင့်​​မဟာမြိုင်​​တောသို့အလည်​တစ်​​ခေါက်

ရွှေပြည်​​တော်​သို့အဝင်​(အပိုင်း ၅)ဇာတ်​သိမ်း