ဘုံဘ၀မှာဖြင့်( အပိုင်း ၁ )

ဘုံဘ၀မှာဖြင့်( အပိုင်း ၁ )

.... သူရိန်နေမင်းကြီးကအရှေ့ဘက်တောင်တန်း တွေကြားထဲကနေ... ပုဇွန်ဆီရောင် အလင်းရောင် ခြည်တွေကို လောကတစ်ခွင့်ပျို့အန်ချလုဆဲဆဲ အချိန်.... ကျေးငှက်သာရကာတို့ရဲ့.. သာယာ နာပျော်ဖွယ် အသံလေးတွေနဲ့အတူ... သာယာကုန်းရွာလေးက သက်ဝင်လှုပ်ရှားလာ လေပြီ.…
မနက်အရုဏ်တက်ချိန်..လယ်ထဲကိုင်းထဲ ဆင်းကြ သည့် တောင်သူလယ်သမားတွေရဲ့.. စကားသံ..
ဟဲ့ ညိုနက်..ဖေ့သားကြီး.. မြန်မြန်သွားပါဟ.. ဆိုတဲ့ လှည်းသမားတွေရဲ့အသံ.... တောင်းတွေ ပလုံးတွေထိပြီးထွက်ပေါ်လာတဲ့ တဂွမ်ဂွမ်အသံ တွေကြောင့်လည်း သာယာကုန်းရွာလေးက ပိုပြီး အသက်ဝင်လာခဲ့တယ်ဆိုလည်း မမှားပါဘူး...
အလားတူ... ရွာထိပ်ကတဲအိမ်လေးမှာလည်း ရေနံဆီမီးအိမ်မှိန်မှိန်လေး ထွက်ပေါ်လာလေပြီ..
များမကြာမီ...တဲအိမ်လေးရဲ့ ဘေးဘက်.. ထန်းလက်တွေကာထားတဲ့ အကြော်တဲလေးမှာ မီးခိုးအူအူလေးတွေ ထလွင့်လွင့် တက်လာတာကို မြင်ရတော့မှာ ဖြစ်ပါတယ်...
အဲဒီအကြော်တဲလေးကတော့ မရင်လှရဲ့ ကိုယ်ပိုင် ၀င်ငွေကို ရှာဖွေပေးနေတဲ့.. ကုမ္ပဏီကြီးတစ်ခု ပေါ့ဗျာ.
"သားကြီးရေ..သား...လူလေးး. အောင်မြတ်သာ..
ထတော့လေ.. မိုးသောက်နေပြီ..အမေ အကြော်ကြော်ဖို့ မီးမွှေးထားပြီးပြီ...လူလေး.. ထတော့.…"
အီးးအဲ..ဆိုတဲ့အသံနဲ့အတူ.. လက်နှစ်ဖက်ကို ဆန့်တန်းပြီး အကြောဖြေလိုက်တယ်....
ပြီးတော့ အိမ်နောက်ဖေးက ရေအိုးထဲကရေကို အုန်းမှုတ်ခွက်နဲ့ခပ်ပြီး အမေ အဆင်သင့်ထား ထားတဲ့ မီးသွေးခဲနဲ့ သွားတိုက် ပလုပ်ကျင်းပြီး အိမ်ပေါ် ပြန်တက်လာတော့.... ညီမလေး ထွေးငယ်က အိပ်မောကျနေတုန်း...
အဲဒါနဲ့ အိပ်ပျော်နေတဲ့ ညီမလေးရဲ့ နဖူးပြင်လေးကို အသာယာ ဖွဖွလေး နမ်းပြီး... နိစ္စဓူဝကိစ္စတွေကို အမေနဲ့အတူဝိုင်းလုပ်ဖို့... တက်ကြွတဲ့ခြေလှမ်းတွေနဲ့... အကြော်တဲလေး ထဲကိုဝင်တော့... မီးဖိုဘေးမှာ အလုပ်များနေတဲ့ အမေက အပြုံးလေးနဲ့ဆီးကြိုတယ်…
အဲဒါကတော့ အောင်မြတ်သာတို့ရဲ့ မိသားစု လေးပဲ.…
မရင်လှမှာက ယောင်္ကျားမရှိတော့ဘူး.… အငယ်မလေး ထွေးငယ် လသားအရွယ်မှာပဲ လယ်ထဲဆင်းရင်းပိုးထိလို့ ဆုံးပါးသွားခဲ့တယ်... အဲဒီအချိန်က အောင်မြတ်သာက ၅နှစ်သာသာပေါ့.. လူမမယ် ကလေးလေး၂ယောက်နဲ့ မရင်လှတစ် ယောက် ဘ၀ရဲ့ဒုက္ခတွေကို ခါးစည်းခံပြီး.... ကျွေးမွေးလာတာ...ခုဆို အောင်မြတ်သာလေး တောင် ၁၃နှစ်ကျော်လို့ ၁၄နှစ်ထဲ ၀င်လာပါကော လား...
ထွေးငယ်လေးကတော့ ၈နှစ်ကျော်လေးပဲ ရှိသေး တယ်... အဲဒါနဲ့ ရွာထိပ်က တဲလေးမှာပဲ အကြော် ကြော်ရောင်းရင်းနဲ့ သားအမိ၃ယောက် ဘ၀ကို အရှုံးမပေးပဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့တာ...ခုဆို အောင်မြတ်သာလေးတောင် အားကိုးလို့ရနေပြီ...
"သားရေ...ဘူးသီးလေး လှီးထားလိုက်..အမေဆီအိုး တည်ထားတယ်... ဆီအိုးပူတာနဲ့...အဆင်သင့် ကြော်လို့ရအောင်"
အောင်မြတ်သာတစ်ယောက် နေ့စဉ်လုပ်နေကျ အလုပ်ဖြစ်လို့ ကျွမ်းကျင်စွာပဲ ဘူးသီးတစ်လုံးကို အလယ်ကနေ ခွဲပြီး... အနေတော် အစိတ်လေးတွေ လှီးနေလိုက်တယ်....
--------------------------
"အမေ ရပြီ. ဘူးသီးက အဆင်သင့်ဖြစ်ပြီ.. ဆီပူရင် ကြော်လို့ ရပြီနော်..."
အေး…အေး သား မင်းညီမလေးကိုလည်း တစ်ချက် သွားကြည့်လိုက်ဦး... ခြင်တွေ မှက်တွေ ကိုက်နေဦး မယ်...ကျန်တာ အမေဆက်လုပ်လိုက်မယ်...." ဆိုတာနဲ့ အောင်မြတ်သာတစ်ယောက်
ဟုတ်ကဲ့..အမေဆိုပြီး.... ယိုင်တိယိုင်တိုင် တဲလေးပေါ်ကိုတက်ပြီး အိပ်ပျော်နေတဲ့ ထွေးငယ်လေး ဘေးကနေ ယပ်ခတ်ပေးရင်း အိပ်မောကျနေတဲ့ ထွေးငယ်လေးရဲ့ ပါးကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်တယ်.......
အဲလိုနဲ့ မနက်နေထန်းတစ်ပင်အလယ်လောက် ရောက်လုနီးနီးမှာပဲ... အကြော်တွေကုန်သွားပြီ... အဲဒါနဲ့သိမ်းဆည်းစရာရှိတာ အမေနဲ့တူတူ သိမ်း ဆည်းပြီး... အိမ်ပေါ်တက်လာတော့..ထွေးငယ်လေး က နိုးပြီး..မျက်နှာတောင် သစ်ပြီးနေပြီ....
"ဟာ.…အကို့ညီမလေးတောင် နိုးနေပြီကိုး.... လာလာ.…အမေအကိုတို့အတွက် အကြော်တွေ ချန်ထားပေးတယ်...ထမင်းကြမ်းခဲလေးနဲ့ စားရ အောင်...."
"ကိုကြီး... ကြက်သွန်ကြော် ရှိသေးလား... ညီမလေး အဲဒါနဲ့စားချင်တယ်...."
"ဟ…ဟ ရှိပါ့ဗျာ ရှိပါ့... ညီမလေး ကြိုက်တတ်မှန်း သိလို့ အမေက ချန်ထားပေးပါတယ်ဗျ..."
"ဝေးးးးး ဒါမှ သမီးမေမေကွ"
ဆိုပြီး...မေမေ့ပေါင်ပေါ်တက်ထိုင်ပြီး...ဆီကြေးတွေ ပေနေတဲ့ မေမေ့ပါးကို ရွှတ်ခနဲ နမ်းလိုက်တယ်...
မေမေကတော့…
"အကဲမလေး ပိုပြီ....သွား..ကိုကြီးနဲ့တူတူသွားစား.. မေမေ ထမင်းအိုးတည်လိုက်ဦးမယ်..."
ဆိုတော့မှ မေမေ့ပေါင်ပေါ်ကနေဆင်းပြီး... မောင်နှမ ၂ယောက်... ထမင်းကြမ်းခဲနဲ့ အကြော် နယ်ဖတ်စားနေရင်း... အားရပါးရ စားနေတဲ့ ထွေးငယ်လေးကို ထိုင်ကြည့်ပြီး အောင်မြတ်သာ တစ်ယောက် ... ပြုံးလိုက်မိတယ်....
အဲလိုနဲ့ မနက်က အစောကြီးထထားရတော့ ထမင်းစားပြီးတာနဲ့... မျက်လုံးက ငိုက်လာတယ်..
"အမေ သားခဏ အိပ်လိုက်ဦးမယ်... ထွေးငယ်ကို အဝေးကြီးသွားမပေးကစားနဲ့နော်... သူက လက်ကလည်းသွက်ပါဘိနဲ့... တခြားကလေးတွေ နဲ့ရန်ဖြစ်နေမှဖြင့် ဒုက္ခ...."
"အေးပါသားရယ်... ခဏအိပ်လိုက်... အမေ ထွေးငယ်ကို ကြည့်ထားပါ့မယ်..."
ဆိုမှ...အိမ်ရှေ့ကွပ်ပျစ်လေးမှာဝါးပိုးဝါးခြမ်းခေါင်းအုံး ကို မှီရင်း ထမင်းလုံးစီနေတုန်း.. ဘယ်လိုအိပ်ပျော် သွားလဲမသိဘူး....
အိမ်နားမှာ ဆူဆူညံညံ အသံကြားမှ လန့်နိုးလာ တယ်.... နိုးလာတော့ . ရွာထဲက ဒေါ်ဘုမက သူ့ သမီးလက်ကိုဆွဲပြီး... အမေနဲ့စကားများနေတာ....
ကမန်းကတန်းအိမ်ပေါ်က ပြေးဆင်းပြီး...
"အမေ ဘာဖြစ်တာလဲ..."
"ဘာဖြစ်ရမှာလဲ နင့်ညီမပေါ့... ငါ့သမီးကို.. ခဲနဲ့ထုလိုက်တယ်လေ... ဒီမှာကြည့်.. ခေါင်းကွဲ သွားပြီ....."
ဆိုပြီးပြောတော့... ကျွန်တော်လည်း….
"ကြီးဒေါ်ရယ် ကျွန်တော်ကပဲ ညီမလေးကိုယ်စား တောင်းပန်ပါတယ်... ညီမလေးက တမင်လုပ်တာ မဟုတ်လောက်ပါဘူး... ကျွန်တော် မေးကြည့်ပါ ဦးမယ်....ထွေးငယ်.. ညီမလေး..ထွေးငယ်..ဒီကို လာစမ်း.."
ဆိုတော့... အိမ်ပေါ်မှာ ကုပ်ကုပ်လေးနေနေတဲ့ ထွေးငယ် မျက်နှာငယ်လေးနဲ့ ဆင်းလာတယ်..
"ညီမလေး ဘာလို့ သူများကို အဲ့လိုလုပ်ရတာလဲ..
အကိုဘာပြောထားလဲ...သူများကို မလုပ်ရဘူးလို့ ပြောထားတယ်မဟုတ်လား...ပြောစမ်း...ဘာလို့ အဲ့လိုလုပ်တာလဲ...."
"ကိုကြီးကလည်း ထွေးငယ်.. တမင်လုပ်တာ မဟုတ်ပါဘူး..... စစ်တိုက်တမ်းကစားတာ.. အဲဒါ ခဲနဲ့ပစ်မိသွားတာ.... ထွေးငယ် တမင်လုပ်တာ မဟုတ်ပါဘူး... ထွေးငယ်ကို မရိုက်ပါနဲ့နော်... နောက်မလုပ်တော့ပါဘူး အီးးဟီးးဟီးးးး"
ဆိုပြီး ငိုပါလေရော.....
"အော် ထွေးငယ်ရယ်... အကိုမရိုက်ပါဘူး....
ကြီးဒေါ်လည်း ဘာမှစိတ်ထဲမထားနဲ့နော်... နောက်တစ်ခါမဖြစ်အောင် ကျွန်တော် ဆုံးမပါမယ်
အမေလည်းဆုံးမပေးမယ် ပြောနေတာပဲ.... ဒီတစ်ခါ ခွင့်လွှတ်ပေးပါနော် ကြီးဒေါ်...."
"ဘာဒီတစ်ခါလဲ...ခု ငါ့သမီး...ဖြစ်တာကျတော့ ဘယ်သူတာဝန်ယူမလဲ... ပြောလိုက်ရင် ဒီအချိုးကြီးပဲ အမေရော သားရော ဒီလေသံပဲ... ဟွန်းးးး ငါတော့ လုံးဝမကျေနပ်ဘူး.... နင်တို့ မိသားစု ငါ့အကြောင်းကောင်းကောင်း သိစေရ မယ်.....ဘုမတဲ့ဟေ့ တစ်မထဲ ရှိတယ်... ငါဘာကောင်မလဲဆိုတာ နင်တို့သိစေရမယ်...
လာသမီး... သွားမယ်"
ဆိုပြီး.... ဇောက်ဇောက်ဇောက်ဇောက် ထွက်သွား တော့.. အမေက ကျွန်တော့်ကို မျက်ရည်စမ်းစမ်းနဲ့ ကြည့်ရှာတယ်.... အဲဒီနေ့ကစပြီး ကျွန်တော်တို့ မိသားစုဘ၀.... စိတ်ဆင်းရဲစရာတွေ ကြုံရတာပါပဲ
အဲလိုဖြစ်ပြီး နောက်တစ်ည....
"အူးးးးအူးးးးဝူးးးးဝူးးးးးးးးအူးးးး"
"အမေ ခွေးတွေ အူလှချည်လား...ခါတိုင်းမအူပါဘူး.. ဒီညမှ ဘာလို့ ဒီလောက် အူနေတာလဲ မသိဘူး....
သူခိုးများကပ်တာလား....မဖြစ်နိုင်ပါဘူး.... သားတို့ မှာ ဘာမှမရှိတာ... သူခိုးလာမခိုးလောက်ပါဘူး...." စသည်ဖြင့် သားမိနှစ်ယောက် ပြောနေတုန်း......
"အားးးအားးးနာတယ်..နာတယ်...... အားး အမေ့ ကိုကြီး... ဗိုက်ထဲက နာတယ်...."
ဆိုပြီး ထွေးငယ်လေး ထအော်ပါလေရော....
"ဟဲ့ သမီး ထွေးငယ် ..."
"ညီမလေး ထွေးငယ် ဘာဖြစ်တာလဲ..ဘာဖြစ်တာ လဲ.."
"မသိဘူး ကိုကြီး... နာတယ်.. ဗိုက်ထဲမှာ နာတယ်"
"သမီးလေး... ဒီဆေးလေးသောက်လိုက်....နာသေး လား အရမ်းနာနေလား... အစားများမှားလို့လား...."
စသည်ဖြင့် တစ်ယောက်တစ်ပေါက်ပြောနေရင်း...
"မေမေ ... ကိုကြီး ဟိုမှာ ဟိုမှာ... အိမ်ရှေ့မှာ... မိန်းမတစ်ယောက်... ဆံပင်ကြီးဖားလျားချပြီး ရပ်နေတယ်... သမီးကို လက်ယပ်ခေါ်နေတယ်.. အီးးဟီးးဟီးးကြောက်တယ်..သမီးကြောက်တယ်..." "ဟင်.."
"ဟာ.."
သားအမိ၂ယောက် ပြိုင်တူ ရေရွတ်မိလိုက်တယ်.. အဲဒီအချိန် မေမေက....
"သားလူလေး... ဘုရားစင်က ပရိတ်ရေပုလင်း သွားယူလာစမ်း..မြန်မြန်...ပေး..ပေး... မေမေ့ကို ပေး.."
ဆိုပြီး.. ပရိတ်ရေနဲ့ ထွေးငယ်ရဲ့ ခေါင်းကို ဖြန်းပေး လိုက်မှ.... အငိုတိတ်သွားတယ်...
"သမီးလေးး... မြင်သေးလား ... ခုနက မိန်းမကို မြင်သေးလား..."
"မေမေ ခုနက မိန်းမ မရှိတော့ဘူး.... ဗိုက်ထဲက
လည်း မနာတော့ဘူး.... ကောင်းသွားပြီ..."
"အေးအေး အဲဒါဆို.. အိပ်လိုက်နော်.... ကောင်းသွား ပြီ...မေမေ့သမီးလေး ဘာမှမဖြစ်တော့ဘူး....."
"မေမေ..."
"ဘာလဲ သား...."
"ခုနက ညီမလေး မြင်တာ အဲဒါ ဘာလဲ...ဘာလို့ ကျွန်တော်တို့ မတွေ့တာလဲ....."
"ဘာမှမဟုတ်ဘူး....ထားလိုက်တော့...သားလည်း အိပ်တော့.... မနက် အကြော်ကြော်ရဦးမယ်...
အိပ်တော့"
ဆိုပြီး....မေမေက တစ်စုံတစ်ခုကို တွေးနေသလိုလို ပဲ.......
နောက်ရက်တွေလည်း ထွေးငယ်လေးက ညဘက် ရောက်တာနဲ့ ဗိုက်နာပြီ...ကယောင်ကတမ်းတွေ အော်ပြီ...ကျွန်တော်တို့လည်း ဆရာသမားတွေနဲ့ ပြကြည့်တာပဲ... ဒါပေမယ့် ရောဂါက မသက်သာ ဘူး..... ရွာထဲက အဘိုးခင် ပြောတာကတော့... ညီမလေးဖြစ်တာ.. သွေးရိုးသားရိုးမဟုတ်ဘူးတဲ့..
ပြုစားခံရတာတဲ့.....
ရွာမှာပယောဂကုတဲ့ ဆရာတွေကလည်း မကုနိုင် တော့ဘူး... ရောဂါကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်.....ဗိုက်ကြီးကပူလို့... ထမင်းလည်းမ၀င်တော့ဘူး... အမေဆို ငိုလိုက် တာဗျာ.... ကျွန်တော်ဆိုလည်း ထွေးငယ်လေး ခံစားနေရတာကိုကြည့်ပြီး အံတကြိတ်ကြိတ်ပေါ့..... ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျမသိတော့... ဘာမှပြောလို့မရဘူး...
ထွေးငယ်လေးကတော့ နောက်ဆုံး ...အဲဒီရောဂါ နဲ့ပဲ ဆုံးသွားခဲ့တယ်.....
ထွေးငယ်လေး..အသုဘချတဲ့နေ့မှာ... သုသာန် ပေါ်မှာ လင်းတတွေ ၀ဲနေတာ..... အများကြီးပဲ...
အမေနဲ့ကျွန်တော်ကတော့...... ထွေးငယ်လေး အလောင်းကိုဖက်ပြီး.... ငိုရလွန်းလို့ အသံတောင် မထွက်နိုင်တော့ဘူး... ..
အဘိုးခင်က ကျွန်တော့်ပုခုံးကို လာဖက်ပြီး.... "သားးလူလေး.. မင်းညီမသေတာ.. သူများပြုစားလို့ကွ...အဘိုးတော့ ဒေါ်ဘုမကို သိပ်မသင်္ကာဘူး....သူသမီးနဲ့ထွေးငယ် ရန်ဖြစ်ပြီးနောက်ပိုင်း ထွေးငယ်ဒီလိုဖြစ်တာ.... အဲဒါမသင်္ကာစရာပဲ...."
အဘိုးခင်က အဲလိုပြောတော့.... ကျွန်တော် ထွေးငယ်အလောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး....
"ညီမလေးထွေးငယ်....အကို့ညီမလေးကို ရက်စက်စွာ လုပ်ခဲ့တဲ့သူတွေကို လက်စားပြန်ချေ မယ်...အကိုကတိပေးတယ်...ဒီရွာမှာ ညီမလေးလို ဘယ်သူမှ မဖြစ်စေရတော့ဘူး..... အကိုကတိပေး တယ်...."
အဲလိုနဲ့ ထွေးငယ် ရက်လည်တဲ့နေ့မှာပဲ ရွာကနေ အောင်မြတ်သာတစ်ယောက် ပျောက်သွားခဲ့တယ် ဘယ်သွားမယ်... ဘာလုပ်မယ် ဆိုတာလည်း ဘယ်သူမှ မသိဘူး....
မရင်လှတစ်ယောက်ကတော့ အရူးမီးဝိုင်းပေါ့... သမီးလည်းဆုံး သားကလည်း ဘယ်ရောက်လို့ ရောက်မှန်း မသိဘူး......... အဲလိုနဲ့.....
ရော်ရွက်တွေကြွေ...ရွက်သစ်တွေဝေပြီး... နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့တယ်.....

၃နှစ်ခန့်ကြာပြီးနောက်.
အသက်၁၇နှစ်အရွယ်...လူငယ်တစ်ယောက် သာယာကုန်းရွာကို ရောက်လာတယ်....
အင်္ကျီအဖြူ လည်ကတုံးနဲ့ ယောလုံချည်လေးကို ကျနစွာဝတ်ဆင်ထားတယ်.....
ရွာထဲဝင်လိုက်တာနဲ့..... ရွာထိပ်က အကြော်တဲ အပျက်လေးက ရင်နင့်ဖွယ်ရာ မြင်တွေ့လိုက်ရ တယ်......ရွာကလူတွေကလည်း လူငယ်လေးကို... ထူးဆန်းစွာ ကြည့်နေကြတယ်....ဘယ်သူလဲပေါ့....
အဲဒီအချိန်....
"ဟေ့..မင်း…မင်းးး အောင်မြတ်သာ... အောင်မြတ်သာ မဟုတ်လား....."
အဘိုးခင်ရဲ့ စကားအဆုံးမှာ....အားလုံး သတိထား မိလာတယ်…
"အေးးး ဟုတ်တယ်.. အောင်မြတ်သာကွ...."
"သူငယ်ချင်း... အောင်မြတ်သာ...မင်း..မင်း ရွာပြန်လာတယ်နော်..."
ဆိုပြီး ငယ်သူငယ်ချင်း တွေက... နှုတ်ဆက်ကြ.. ၀မ်းသာအားရ ကြိုဆိုကြတာ မြင်တော့ အဘိုးခင်တစ်ယောက် ပြုံးမိလိုက်တယ်....
အဘိုးခင်...ကျွန်တော် ရွာပြန်လာပြီ....အခု ကျွန်တော်က အရင်က အောင်မြတ်သာ မဟုတ်
တော့ဘူး.....လွန်ခဲ့တဲ့ ၃နှစ်က ကျုပ် ညီမလေးကို ပြုစားခဲ့တဲ့သူတွေကို လက်စားချေဖို့အတွက်.. ကျုပ်ပြန်လာတာ.... အမေကော... အမေ ရှိသေး လား.."
"မင်း အမေလား ရှိပါ့ကွာ... သူကအခု တရားဘောင်ကိုဝင်သွားပြီ... ခုဆို ဆရာလေး လင်္ကာစာရ ဖြစ်နေပြီကွ...."
အောင်မြတ်သာက အရွယ်နဲ့မလိုက်အောင် တည်ကြည်လေးနက်တဲ့ အပြုံးလေး ပြုံးလိုက်တယ်...
"အဘိုးခင်တို့ရွာမှာ ...မကောင်းတဲ့အောက်လမ်းနဲ့ လူတွေကို ဒုက္ခပေးနေတဲ့သူရှိတယ်... အဲဒါကို ကျွန်တော် ကူညီပေးမလို့လာတာ...အခုအမေ့ကို ဒီကနေပဲ ကန်တော့လိုက်တော့မယ် အရင်ဆုံး ရွာလယ်က လူမမာအိမ်သွားမယ်"
"ဟင်.." "အို.." "ဟာ.." အားလုံး အံ့သြသွားတယ်..
အပိုင်း ၂ ဆက်လက်ရှုစားပါရန်..
အောင်မြတ်သာ ဘာတွေဖြစ်ခဲ့လဲ..
ဘယ်ပညာတွေသင်ယူခဲ့လဲ ဆက်လက်ရှုစား ပါဦး..

ဇေယန ( ရာမည )

Comments

Popular posts from this blog

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

အောင်​မြတ်​သာနှင့်​​မဟာမြိုင်​​တောသို့အလည်​တစ်​​ခေါက်

ရွှေပြည်​​တော်​သို့အဝင်​(အပိုင်း ၅)ဇာတ်​သိမ်း